တိုက်ပွဲသတင်းထုတ်ပြန်ချက်

blog

Date : 09-Nov-2022


 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်


စစ်ကောင်စီသည် လက်နက်ကြီးများ၊ ဒရုန်းများ၊ ဂျက်တိုက်လေယာဉ်များဖြင့် နေ့၊ ည အချိန်မရွေး ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက်ပြုလုပ်လျက်ရှိသကဲ့သို့ အပြစ်မဲ့ပြည်သူလူထုများအား မတရားဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်နေခြင်းများကိုလည်း ရက္ခိုင်၊ ပလက်ဝဒေသများ၌ ဆက်လက်ပြုလုပ်လျက်ရှိသည်။


ထို့အတူ စစ်ရေးလှုပ်ရှားမှုများနှင့်အတူ မိမိတို့ရှိရာနေရာများသို့ ဝင်ရောက်တိုက်ခိုက်မှုများကိုလည်း တစ်ပြိုင်နက်တည်းတွင် ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် ယခုလများအတွင်း၌ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ တစ်ရက်တည်း၌ပင် ရက္ခိုင်၊ ပလက်ဝဒေသရှိ နေရာ (၅) ခု၌ တိုက်ပွဲများ အသီးသီးဖြစ်ပွားခဲ့သည်။


၁။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းရွာ၏ အနောက်မြောက်ဖက် (၁.၆) ကီလိုမီတာ၌ တပ်မ (၅၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ လက်နက်ခဲယမ်းများပါဝင်သော စစ်ကောင်စီ၏ စစ်သုံး ဇက်သင်္ဘော (၁) စီး နှင့် ၎င်းဇက်သင်္ဘောနှင့်အတူ လေကြောင်းမှ လုံခြုံရေးပါလာသော ရဟတ်ယာဉ် (၁) စီးအား နေရာ (၂) ခုမှ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ဇက်သင်္ဘောအား ကြီးကြီးမားမားထိရောက်မှုမရှိခဲ့သော်လည်း ဇက်သင်္ဘော ပေါ်တွင် ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်၊ သေဆုံးမှုရှိခဲ့သည်။

၂။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၃၉) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ ကဇူးကိုင်းရွာ၏ အနောက်တောင်ဖက် (၃.၁) ကီလိုမီတာအကွာရှိ မိမိတို့ရှိရာနေရာသို့ စစ်ကောင်စီတပ်မှ ဝင်ရောက်လာသောကြောင့် (၄၅) မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။


၃။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၊ နေ့လယ် (၂) နာရီ (၁၀) မိနစ်အချိန်တွင် မောင်တောမြို့နယ်၊ ဝက်ကျိန်း(မြို)ရွာ၏ အရှေ့မြောက်ဖက် ၉၉၇ မီတာအကွာ၌ စစ်ကောင်စီ၏ တပ်မ (၇၇) နှင့် ကြိမ်ချောင်း နခခ (၇) တို့ ပူးပေါင်းစစ်ကြောင်းသည် မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ ထိုးစစ်ဆင် တိုက်ခိုက်လာ သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

၄။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၊ ညနေ (၄) နာရီ (၃၅) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ ဟင်းရွက်ရွာ၏ အရှေ့တောင်ဖက် ၅၇၅ မီတာအကွာ၌လည်း စစ်ကောင်စီ၏ ခမရ ၃၀၈ /၃၅၄ ပူးပေါင်းစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၅။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၊ နေ့လယ် (၂) နာရီ (၃) မိနစ်အချိန်တွင် ပလက်ဝမြို့နယ်၊ ပကာဝရွာအနီး၌လည်း နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။


ရန်သူသည် မြေပုံမြို့နယ်၊ ကြိုးကြာပြင်ကျေးရွာ၏မြောက်ဖက်၊ မီတာ (၈၀၀) ခန့်ရှိ ယိုးချောင်းဗျူဟာကုန်း နှင့် အမ်းမြို့နယ်၊ စွိချောင်းကျေးရွာ၏ အနောက်မြောက်ဖက်၊ မီတာ (၅၀၀) ခန့်အကွာအဝေး၌ရှိသော စွိချောင်းဗျူဟာကုန်းများမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


အဆိုပါတိုက်ပွဲများအတွင်း ရန်သူ့ဖက်မှ သေဆုံးသူ (၁၀) ဦးခန့်နှင့် ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်။ ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းအချို့၊ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်




Share on social

You may also like this