၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၂)ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 22-Feb-2020

Nyo Twan Awng

ဖေဖော်ဝါရီလ(၂၂) ရက်နေ့တွင်လည်း ယခင်နေ့များကတည်းက ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေခဲ့သောပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး, မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း)  ပတ်ဝန်းကျင် နှင့် ကျောက်တော်မြို့နယ်၊ ( ဝက်မကျရွာနှင့် တင်းမရွာအကြား) တင်းမရွာသစ်ပတ်ဝန်းကျင်၌တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်။

သို့သော်လည်းယနေ့တွင်

ယခင်နေ့ရက်များကဲ့သို့ ဗျူဟာကုန်းပတ်ဝန်းကျင်၌ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းမရှိချေ။ရန်သူ့ဗျူဟာကုန်းပတ်ဝန်းကျင်၌ရက်ဆက်တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာယနေ့ ဖေဖော်ဝါရီလ(၂၂) ရက်နေ့လျှင်(၁၇) ရက်မြောက်နေ့သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရန်သူသည် ၎င်းဗျူဟာကုန်းသို့ ရိက္ခာ၊လက်နက်ခဲယမ်း၊ လူအင်အားများကို နည်းအမျိုးမျိုးဖြင့်ဖြည့်တင်းပေးရန် ကြိုးစားနေခဲ့သောကြောင့်ရန်သူ၏ စစ်ကူစစ်ကြောင်းများနှင့် ရက္ခိုင့်တပ်တော်၊ဖြတ်တောက်ရေးစစ်ကြောင်းတို့သည် နေရာအချို့၌တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။

(၁)ဖေဖော်ဝါရီလ(၂၂) ရက်၊နံနက်(၇) နာရီ(၁၀) မိနစ်ခန့်မှစတင်ပြီး ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်အနောက်ဘက် တောင်ကြော၊ "တွီဆဝန်ရွာ" နှင့်"မြောင်းရွာ"အရှေ့မြောက်ဘက် (၃) ကီလိုမီတာအကွာအဝေးရှိ၊ Points-886 (ပွိုင့် ၈၈၆ တောင်ကုန်း) ၌ ခမရ(၂၁၆) နှင့် ရက္ခိုင့်တပ်တော်တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဤနေရာ၌ ဒုတိယနေ့အဖြစ်ရက်ဆက်တိုက်ပွဲများအဖြစ်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခဲ့သည်။

ညနေ(၅)နာရီခန့်အထိ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူ ရန်သူသည် ရဟတ်ယာဉ်(၂) စီးဖြင့် (၆) ကြိမ်၊ ဂျက်တိုက်လေယာဉ်(၂) စီးဖြင့်(၂) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင်ရန်သူသည် လက်နက်ကြီးများကို နေရာ(၃) နေရာမှ တပြိုင်နက်တည်း အလုံး(၃၀၀) ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြင်းထန်သောနေ့တစ်နေ့လည်းဖြစ်သည်။ ရန်သူ့ဖက်မှအထိအခိုက်အကျအဆုံးများရှိခဲ့သကဲ့သို့ မိမိတို့ဖက်မှလည်း ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။ ယနေ့တိုက်ပွဲများအတွင်း၌လည်းရန်သူ့လက်နက်ခဲယမ်းများပါရှိသောခြင်းတောင်း (၁၀) ကျော် နှင့် ရန်သူ့အလောင်းအချို့အားမိမိတို့သိမ်းဆည်းရမိထားပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်။

(၂)ထို့အတူ မင်းပြားမြို့နယ်၊ မင်းရွာအရှေ့မြောက်ဖက်၊ (၁) ကီလိုမီတာခန့်အကွာအဝေးရှိရာမောင်တောင်တန်းပေါ်တွင်လည်း နံနက်(၁၁) နာရီ(၃၀) မိနစ်တွင်စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ(၅) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ဤတိုက်ပွဲအတွင်း၌လည်း မြန်မာ့တပ်မတော်သည် ရဟတ်ယာဉ်(၂) စီး ၊ ဂျက်တိုက်လေယာဉ်(၁) စီးဖြင့် လာရောက်ပစ်ခတ်ရသည်အထိတိုက်ပွဲပြင်းထန်ခဲ့သည်။

နောက်ထက်တိုက်ပွဲများ နှင့်တိုက်ပွဲနောက်ဆက်တွဲများရှိပါကဆက်လက်တင်ပေးသွားပါမည်။

သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များ နှင့် ရဲဝံ့စွာတိုက်ပွဲဝင်ရင်းတိုင်းပြည်နှင့်လူမျိုးအတွက် အသက်၊ခန္ဓာ၊ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များအား လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .