အာရက္ခမိဘပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားချက်

blog

Date : 11-Apr-2024



ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်

 

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း () ရက်

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၁) ရက်

 

အာရက္ခမိဘပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားချက်

 

                ရက္ခိုင်ဒေသအတွင်း၌  ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် နေ့စဉ်ရက်ဆက် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည့်အပြင် တစ်ရက်ထက်တစ်ရက် တိုက်ပွဲများပြင်းထန်လျက် ရှိနေဆဲပင် ဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီသည် မိမိတို့ အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားသော ဒေသများအတွင်းသာမက မိမိတို့မှ နောက်ထပ် သိမ်းပိုက်ရန် ကြိုးပမ်းနေသော နေရာများတွင်ပါ လူစုလူဝေးဟု ယူဆရသည့် နေရာများအား အလစ်ချောင်း၊ အငိုက်ဖမ်းပြီး လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်ခြင်းတို့ကို ပြုလုပ်ရန် နေ့စဥ်ရက်ဆက် ကြိုးပမ်းလျက် ရှိနေပါသည်။

 

                ထို့ကြောင့် ယခုအချိန်ကာလသည် စစ်ရေးပြင်းထန်နေသည့်ကာလဖြစ်သည့်အလျောက် မကြာမီ ကျရောက်လာမည့် သင်္ကြန်ကာလအတွင်း မြို့ပြ နှင့် ကျေးလက်ဒေသများ၌ လူစုလူဝေးများ ပြုလုပ်ပြီး၊ ပျော်ပွဲရွှင်ပွဲကြီးများကို မပြုလုပ်ကြပါရန် အာရက္ခမိဘပြည်သူများအား မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ ထို့အပြင်-

 

၁။            လူအများအပြား စီးနင်းလိုက်ပါလာသည့် ကားများဖြင့် မြို့ပြဒေသများ၊ တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာ နှင့် တစ်ရွာကြား ကခုန်လှည့်ပတ်ပြီး ရေကစားခြင်း၊

 

၂။             လူစုလူဝေးဖြစ်စေသော သင်္ကြန်မဏ္ဍပ်များ၊ Show ပွဲများပြုလုပ်ခြင်း၊

 

၃။            ဘုန်းတော်ကြီးကျောင်းများ၌ လူစုလူဝေးကြီးများဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူအတန်းများ ပြုလုပ်ခြင်းတို့ကိုလည်းလုံးဝမပြုလုပ်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။

 

                စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီသည် စစ်ပွဲနှင့် တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်းကာ ဦးတည်တိုက်ခိုက်တတ်သောအကျင့်ရှိသောကြောင့် သင်္ကြန်ကာလအတွင်း မလိုလားအပ်သည့် အသက်များ အစုလိုက်၊ အပြုံလိုက် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ မှ ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့် အထက်ဖော်ပြပါ လိုက်နာရမည့်အချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြပါရန် မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

 

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်

 

 


Share on social

You may also like this