၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၉/၂၀)ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 20-Feb-2020

Nyo Twan Awng

ဖေဖော်ဝါရီလ(၁၉/၂၀) ရက်နေ့များတွင်လည်း ယခင်နေ့များကတည်းက ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေခဲ့သောပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်း(ဗျူဟာကုန်း)  ပတ်ဝန်းကျင် နှင့် ကျောက်တော်မြို့နယ်၊ ( ဝက်မကျ ရွာနှင့် တင်းမရွာအကြား) ပတ်ဝန်းကျင်များ၌တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်။

ဖေဖော်ဝါရီလ(၁၉) ရက်နေ့၌ မိမိတို့အဖို့ တိုက်ပွဲကြီးကြီးမားမားမရှိခဲ့သော်လည်း မြန်မာ့တပ်မတော်မှ နေ့လည်(၁၂) နာရီ (၁၈) မိနစ်မှ ညနေ(၄) နာရီအထိ မြန်မာ့တပ်မတော်သည်  ဗျူဟာကုန်းပတ်ဝန်းကျင်အားရဟတ်ယာဉ်(၂) စီး၊ ဂျက်တိုက်လေယာဉ်(၂) စီးစီဖြင့် အကြိမ်(၂၀) ခန့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ နောက်ဆုံးအကြိမ်တွင် ရဟတ်ယာဉ်(၄) စီးဖြင့်တပြိုင်နက်တည်းလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီ(၂၀) ရက်နေ့၌ ရမ်းဗြဲမြို့နယ်အတွင်းအပါအဝင် အခြားနေရာ(၃) နေရာ၌တိုက်ပွဲများရှိခဲ့သည်။ ဖေဖော်ဝါရီ(၂၀) ရက်၊ တစ်နေ့တည်း၌ပင် အနည်းဆုံးရန်သူ(၂၀) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ဒဏ်ရာရရှိသည့်ရန်သူများလည်းထပ်မံရှိခဲ့သည်။

ရန်သူ့ဗျူဟာကုန်းပတ်ဝန်းကျင်၌ရက်ဆက်တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာယနေ့ ဖေဖော်ဝါရီလ(၂၀) ရက်နေ့ဆိုလျှင်(၁၅)ရက်မြောက်နေ့သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ရန်သူသည် ညသန်းခေါင်အချိန်များ၌ ရိက္ခာများ၊လက်နက်ခဲယမ်းများကိုလာချပေးပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်။

ထို့အပြင်ရန်သူသည် ၎င်းဗျူဟာကုန်းသို့ ရိက္ခာ၊လက်နက်ခဲယမ်း၊ လူအင်အားများကိုဖြည့်တင်းပေးရန် ပလက်ဝ၊ ကျောက်တော် နှင့်အခြားနှစ်နေရာအပါအဝင်နေရာ(၄) နေရာမှ ကြိုးစားလျက်ရှိသည်။ ထို့ကြောင့်ရန်သူ၏စစ်ကူစစ်ကြောင်းများနှင့် ရက္ခိုင့်တပ်တော်၊ဖြတ်တောက်ရေးစစ်ကြောင်းတို့သည် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။

(၁) ဖေဖော်ဝါရီ(၂၀) ရက်နေ့၊ နံနက်(၁) နာရီ(၃၀) မိနစ်တွင်မင်းပြားမြို့နယ်၊ ခေါင်းလောင်းရွာသစ်နှင့် ခေါင်းလောင်းရွာဟောင်းကြား၌ မြန်မာ့တပ်မတော်၏စစ်ကားတစ်စီးအား ရက္ခိုင့်တပ်တော်မှဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ အထိအခိုက်အကျအဆုံးမသိရသေးပါ။

(၂) ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်အနောက်ဘက် တောင်ကြော၊ "တွီဆဝန်ရွာ" နှင့်"မြောင်းရွာ"အရှေ့မြောက်ဘက် (၃) ကီလိုမီတာအကွာအဝေးရှိ၊ Points-886 (ပွိုင့် ၈၈၆ တောင်ကုန်း) ၌နံနက်(၁၀) နာရီခန့်မှစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ၏ထိုးစစ်အားတန်ပြန်ထိုးစစ်ဖြင့်တိုက်ခိုက်နိုင်ခဲ့ပြီး ခမရ(၂၁၆) မှအထိအခိုက်၊အကျအဆုံးများခဲ့သည်။ ရန်သူ့ဖက်မှသေဆုံးသူ(၁၅) ဦးခန့်ရှိခဲ့သည်။ ညနေ(၃) နာရီခန့်အထိ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူတိုက်ပွဲဆက်လက်ဖြစ်ပွားနေခဲ့သည်။

(၃) ရမ်းဗြဲမြို့နယ်၊ ကျောက်ဆောက်ရွာ အရှေ့မြောက်ဘက် (၁.၆) ကီလိုမီတာအကွာအဝေးရှိကားလမ်းမပေါ်တွင်လည်း နံနက်(၇) နာရီ(၄၈) မိနစ်တွင်ရန်သူ၏စစ်ကား(၂) စီးအား ရက္ခိုင့်တပ်တော်၊ လှုပ်ရှားစစ်ကြောင်းတစ်ခုမှ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ(၅) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ရန်သူသည်အထိအခိုက်၊အကျအဆုံးများသောကြောင့် ၎င်းတို့၏ လုပ်နေကျအတိုင်း အနီးအနားပတ်ဝန်းကျင်ရှိ ရခိုင်ရွာများအား လူမျိုးရေးအမုန်းတရားများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

(၄) ကုလားတန်မြစ်အရှေ့ဖက်ကမ်းရှိ၊တင်းမရွာသစ်အရှေ့မြောက်(၁.၆) ကီလိုမီတာအကွာအဝေး၌လည်း ညနေ(၃) နာရီ(၂၀) မိနစ်မှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များ နှင့် ရဲဝံ့စွာတိုက်ပွဲဝင်ရင်းတိုင်းပြည်နှင့်လူမျိုးအတွက် အသက်၊ခန္ဓာ၊ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များအား လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this

blog 25-Apr-2024

SACနှင့်၎င်းလက်အောက်ခံARSA,ARA,RSOတို့မီးရှို့မှုက . . .