ရက္ခိုင့်တပ်တော်၏တိုက်ပွဲသတင်းများ

blog

Date : 18-Feb-2024



ရက္ခိုင့်တပ်တော်၏တိုက်ပွဲသတင်းများ


 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်


 

ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီသည် စခန်းတစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသည့်အပြင် အခြားသော စခန်းများမှာလည်း လက်လွှတ်ဆုံးရှုံးရန် လက်တစ်ကမ်းအနေအထားသို့ ရောက်ရှိလျက်ရှိသည်။ စစ်ကောင်စီ၏ စစ်ရေးအရနှင့် မဟာဗျူဟာအရ အရေးပါသည့် စခန်းကြီး၊ စခန်းငယ်များမှာလည်း မနှေးမကြာ လက်လွှတ်ဆုံးရှုံး ရမည့် အခြေအနေကို ထင်ရှားစွာ တွေ့မြင်နေရသည်။ ထိုအပြင် လက်နက်ချအညံ့မခံသော စခန်းတိုင်းကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်လျက်ရှိသည်။


 

တစ်ပြိုင်နက်တည်းတွင် ခုခံစစ်ကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပြင်ဆင်နေသောစစ်ကောင်စီသည် ရက္ခိုင့် တပ်တော်အား ကုန်းလမ်းများမှနေ၍ အလွယ်တကူ ဝင်ရောက်လာနိုင်ခြင်းမရှိစေရန်အပြင် အခြားယုတ်မာသော ရည်ရွယ်ချက်များကို အကောင်အထည်ဖော်သောအနေဖြင့်လည်း တံတားများအား ဖောက်ခွဲဖျက်ဆီးသည့် လုပ်ငန်းများကို ရက္ခိုင်ပြည်၌ သာမက ရှမ်းမြောက်ဒေသနှင့် အခြားသောနေရာများ၌ပါ ခပ်စိပ်စိပ်လုပ်ဆောင် လာခဲ့သည်။ ဤသည်မှာ စစ်ကောင်စီ အနေဖြင့် မြန်မာနိုင်ငံအနှံ့ ၎င်းတို့နှင့် ဖြစ်ပွားလျက်ရှိသောစစ်ပွဲတိုင်းတွင် ရှုံးနိမ့်နေသည်များ ပေါ်လွင်နေခြင်းပင် ဖြစ်သည်။


 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်၊ ည (၉) နာရီ (၂၅) မိနစ်တွင် တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးရှိ “ မအီတံတား” အားလည်းကောင်း၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၂) နာရီ (၅၃) မိနစ်တွင် မအီ-ကျောက်ဖြူ ကားလမ်းမထက်ရှိ မအီမြိုအနီးတွင်ရှိသည့် အခြားသောတံတားတစ်စင်းဖြစ်သော “ကျောက်ကြီးပေါက်တံတား” အားလည်းကောင်း ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ အဆိုပါ “မအီတံတား”အား မိုင်းဖောက်ခွဲဖျက်ဆီးခဲ့စဉ် မိုင်းပေါက် ကွဲမှုပြင်းအားကြောင့် မအီမြို့အထက်တန်းကျောင်း အပါအဝင် လူနေအိမ်အချို့မှာလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ သည်။

 


ထို့အပြင် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်လည်း စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်အနီး အမြင့်ကျွန်းကျေးရွာနားရှိ စစ်တွေမြို့အဝင် မင်းချောင်း (ခေါ်) အမြင့်ကျွန်းတံတားကိုလည်း စစ်ကောင်စီမှ ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ဤတံတားများမှာ အရပ်သားပြည်သူများမှ ကုန်စည်သယ်ယူပိုဆောင်ရေးအတွက် အဓိကအားကိုးအားထား သွားလာနေရသည့် တံတားများ ဖြစ်သည်။


 

ရက္ခိုင့်တပ်တော်လှုပ်ရှားလျက်ရှိသော ရက္ခိုင်ပြည်ပြင်ပ၏ အခြားနေရာတစ်ခုဖြစ်သော ကချင်ပြည်၊ ဗန်းမော် ခရိုင်၊ မံစီမြို့နယ်၌လည်း မဟာမိတ် KIA နှင့် ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီ၏ "စီခမ်းကြီးစခန်း"အား ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၅) နာရီမှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။


 

စစ်ကောင်စီသည် ဤစခန်းမကျဆုံးစေရေးအတွက် လေကြောင်းပစ်ကူများကို တစ်နေ့လုံး တောက်လျှောက်သုံး ကာ ခုံကာကွယ်နေသောကြောင့် တိုက်ပွဲသည် ပြင်းထန်ခဲ့သည်။ မိမိတို့ဖက်မှလည်း စစ်ကောင်စီ၏ ဤစခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ စစ်ကောင်စီသည် ၎င်းတို့၏ လုပ်နေကျ ထုံးစံအတိုင်း စစ်ရေးအရှုံးပေါ်တိုင်း အရပ်သားပစ်မှတ်၊ ရပ်ရွာများကို ဦးတည်တိုက်ခိုက် တတ်သောကြောင့် စီခမ်းကြီး ရွာမှ ပြည်သူ (၅) ဦးသေဆုံးကာ (၃၀) ကျော်အထိ ဒဏ်ရာရရှိအောင် လေကြောင်းမှ ယုတ်မာစွာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။


 

ရက္ခိုင်ဒေသအတွင်း တိုက်ပွဲအနေဖြင့် ရသေ့တောင်မြို့မြောက်ဘက်၊ ခနောင်းကြီးကျေးရွာအနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီ၏ ရသေ့တောင်မြို့အခြေစိုက် ခမရ (၅၃၆) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့သည် ယနေ့၊ ဖေဖော်ဝါ ရီလ (၁၇) ရက်၊ ညနေ (၅) နာရီ (၄၅) မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ (လောလောဆယ် တိုက်ပွဲအသေးစိပ်နှင့် နောက်ဆက်တွဲများကိုမူ မသိရသေးပါ။ သိရှိရပါက နောက်ဆက်တွဲအနေဖြင့် ဆက်လက်တင်ပေးသွားပါမည်။)


 

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား အလုံးစုံပျက်စီးစေရန် ဖက်ဆစ်ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်စစ်ကောင်စီမှ ရေကြောင်း၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ဖေဖော်ဝါရီလဆန်းကတည်းကပင် ဆက်တိုက် ပြုလုပ် လာခဲ့ခြင်းဖြစ်သည်။ ရမ်းဗြဲမြို့အား ယနေ့ နေ့လယ်ပိုင်းမှစ၍ ညဦးပိုင်းအချိန်ထိ Mi-35 စစ်ရဟတ်ယာဉ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့်လည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် ကလိန်တောင်မြစ်ထဲရှိ ရန်သူ့နေဗီ သင်္ဘောမှလည်း မြို့ပေါ်ရပ်ကွက်များအား  လက်နက်ကြီးဖြင့် (၉) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အမှတ် (၄) ကင်းတဲရပ်ကွက်ရှိ လူနေအိမ် (၆၀) ကျော်ခန့် မီးလောင်ပျက်စီးခဲ့ရသည့်အပြင် နေအိမ် အများအပြားမှာလည်း ထိမှန်ပျက်စီးခဲ့ရသည်။


 

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်‌တော်


Share on social

You may also like this