ထုတ်ပြန်ကြေညာချက်

blog

Date : 20-Feb-2024






ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်

 

အမှတ်၊ (/၂၀၂၄)

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း (၁၁) ရက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်

 

ထုတ်ပြန်ကြေညာချက်

 

            အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့ရှိ ဒေသအသီးသီးမှ တိုက်ပွဲများတွင် အရှုံးများဖြင့် ရင်ဆိုင်နေရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပါသည်။  မိမိတို့ ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန် တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အာရက္ခပြည်သူလူထုများနှင့် အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် အကောင်းဆုံး ကြိုးစားတိုက်ပွဲဝင်လျက်ရှိပါသည်။ တစ်ဖက်တွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း၌ မြောက်မြားစွာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကျဆုံး၊ ဒဏ်ရာရ၊ ထွက်ပြေးမှုများ စသည့်ဖြစ်ရပ်များမှာ နေ့စဉ်နေ့တိုင်းဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် အဆိုပါ ပြုန်းတီးအင်အားများကို ကာမိစေရန် အကြမ်းဖက်စစ်ကောင်စီသည်ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်း၍ စစ်အင်အား ပြန်လည်ဖြည့်တင်းရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသည်ကို တွေ့ရှိနေရပါသည်။

 

            စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အစရှိသဖြင့် အဘက်ဘက်တွင် ရှုံးနိမ့်နေသော အကြမ်းဖက်စစ်ကောင်စီသည် အများပြည်သူအသုံးပြုနေသော လမ်းတံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ ပြည်သူလူထုနေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက်ကြီး၊ ရေကြောင်း၊ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်၍ မြို့ရွာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးတိုက်ခိုက်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။ တစ်ရက်ပြီးတစ်ရက် ကျယ်ပြန့်လာသော ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများကြောင့် မြို့ရွာများမှ ပြည်သူလူထုများသည် စစ်ကောင်စီ၏ အရပ်သားပြည်သူလူထုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုမှ ရှောင်ရှားနိုင်ရန်အတွက် ရန်ကုန်အပါအဝင် အခြားသောမြို့ကြီးများသို့ တစ်စတစ်စ တိမ်းရှောင်နေကြသည်ကို တွေ့လာရပါသည်။

 

            စစ်ကောင်စီထိန်းချုပ်ရာဒေသများသည် ယခင်ကတည်းကပင် လုံခြုံရေး၊ စားဝတ်နေရေး၊ တရားဥပဒေ စိုးမိုးရေးအခြေအနေများ ယုတ်လျော့နေပြီး ယခုအချိန်တွင် ပိုမိုဆိုးရွားလျက်ရှိနေပါသည်။ ဤကဲ့သို့ အဘက်ဘက်မှ ပြိုကျပျက်စီးလာသည်နှင့်အမျှ အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ် စည်းစိမ်တို့မှာလည်း နေ့စဉ်နှင့်အမျှ ပိုမိုခြိမ်းခြောက်ခံရလျက်ရှိသည်။ တစ်ပြိုင်နက်တည်းတွင် အကြမ်းဖက် စစ်ကောင်စီသည် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် လူမျိုးရေးအမုန်းတရားများကို မီးထိုးကာ မိမိတို့ ရက္ခိုင်လူမျိုးများအား ဖိနှိပ်ဆန့်ကျင်စေရန် သွေးထိုးလှုံ့ဆော်မှုများကို ကောက်ကျစ်ယုတ်မာစွာ ပြုလုပ်လျက်ရှိသည်။ စစ်ကောင်စီထိန်းချုပ်ထားသော ဒေသများရှိ ရက္ခိုင်လူမျိုးများကို အဓိကဦးတည်ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စစ်သားစုဆောင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို နေ့စဉ်ရက်ဆက် ဆိုးရွားစွာ ကျူးလွန်လျက်ရှိသည်။ ထို့အပြင် လူမှုကွန်ရက်သုံးစွဲသူ အပြစ်မဲ့ ရက္ခိုင်လူမျိုးများကိုလည်း သက်သေအထောက်အထား တစ်စုံတစ်ရာမရှိဘဲ ပုဒ်မအမျိုးမျိုးတပ်၍ ဥပဒေမဲ့ဖမ်းဆီးကာ အချုပ်ခန်းများအတွင်း၌ သတ်ဖြတ် အလောင်းဖျောက်မှုများကို ပြုလုပ်ပြီး၊ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိပါသည်။

 

            လက်ရှိ ရက္ခိုင်ဒေသနှင့် မြန်မာနိုင်ငံ၏ စစ်ရေးအခြေအနေများအရ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားသောနယ်မြေများသည် အာရက္ခပြည်သူလူထုတစ်ရပ်လုံးအပါအဝင် အဖိနှိပ်ခံ ပြည်သူလူထုအားလုံးတို့အတွက် အလုံခြုံဆုံးသောနေရာများ ဖြစ်လျက်ရှိပါသည်။ ထို့ကြောင့် စစ်ကောင်စီ ထိန်းချုပ်ထားသော ရန်ကုန်အပါအဝင် အခြားသောမြို့များသို့ တိမ်းရှောင်နေကြမည့်အစား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာနေရာများ၊ မြို့ရွာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် မိဘပြည်သူများအား အသိပေး တိုက်တွန်းအပ်ပါသည်။

 

            တစ်ဖက်တွင် ရက္ခိုင်၊ ပလက်ဝဒေသ စစ်ပွဲများအတွင်းမှ ဖမ်းဆီးရမိထားသည့် ထောင်ချီသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို စစ်သုံ့ပန်းဥပဒေ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ထားလျက်ရှိပါသည်။ အသက်အန္တရာယ်စိုးရိမ်ရသောသူများနှင့် ဒဏ်ရာရ သူများကိုပင်လျှင် မိမိတို့အနေဖြင့် အသက်ကယ်တင်ပေးထားပြီး ၎င်းတို့၏ မိသားစုဝင်များကိုလည်း လူသားချင်း စာနာထောက်ထားစွာဖြင့် အခက်အခဲများကြားမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေထိုင်စားသောက်မှုများအတွက် အကောင်းဆုံးပြုလုပ်ပေးထားပါသည်။

 

            သို့သော် အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက်ပြုလုပ်လျက် ရှိနေဆဲဖြစ်ပါသည်။ မိမိတို့မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများထဲတွင် အာရက္ခပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်ရန် အမိန့်ပေးခဲ့သော အထက်အရာရှိကြီးများ၊ အမိန့်ကို အကောင်အထည်ဖော်ပြီး လူသတ် မှုကို ကိုယ်တိုင်ကိုယ်ကျကျူးလွန်ခဲ့ကြသော တပ်ဖွဲ့ဝင်များပါဝင်ပြီး အဆိုပါ ပုဂ္ဂိုလ်များကို စစ်ခုံရုံးတင်၍ မိမိတို့ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီ၏ မတရားသဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသော မိသားစုဝင်များ၏ နစ်နာမှု၊ တရားမျှတမှုတို့ကို ရရှိနိုင်ရေးတို့အတွက် စစ်ရာဇဝတ်ကျူးလွန်သူများကို ဥပဒေနှင့်အညီ တရားနည်းလမ်းကျကျ စစ်ဆေး အပြစ်ပေး အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

            တစ်ပြိုင်နက်တည်းတွင် စစ်ရှုံးစစ်ကောင်စီသည် စစ်သားပီသစွာဖြင့် စစ်မြေပြင်တွင် တိုက်ခိုက်ရမည့်အစား အရပ်သား ပြည်သူလူထုများကို သူရဲဘောကြောင်စွာ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ အချုပ်သားများ၊ အကျဉ်းသားများကို လူသတ်အလောင်းဖျောက်ခြင်း အစရှိသော စစ်ရာဇဝတ်မှုများကို ရှောင်ရှား၊ ရပ်တန့်ရန် အထူးသတိပေးလိုက်သည်။ အကယ်၍ ထိုကဲ့သို့ ရှောင်ရှား၊ ရပ်တန့်ခြင်းမပြုဘဲ ဆက်လက်ကျူးလွန်နေမည်ဆိုပါက မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည့် ပြင်းထန်ပြတ်သားသော တုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။

 

 

                                                                                           ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်

 


Share on social

You may also like this