ရက္ခိုင်ဒေသ တိုက်ပွဲသတင်းများ

blog

Date : 15-Feb-2024




ရက္ခိုင်ဒေသ တိုက်ပွဲသတင်းများ


 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်


 

ရက္ခိုင်ဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲများမှာ ဆက်လက် ပြင်းထန်လျက်ရှိသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များတွင် ပါရှိသည့်အတိုင်း ဆောင်ရွက်လျက်ရှိသည်။ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော်၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့ များပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။ ရမ်းဗြဲကျွန်းပေါ် ၌ တိုက်ပွဲများမှာလည်း ခပ်စိပ်စိပ်ဖြစ်လျက်ရှိသည်။


 

တစ်ပြိုင်နက်တည်းတွင် ရက္ခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများ ကို တစ်ခုမျှမကျန်စေရဟူသော စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ အခြားတစ်ဖက်တွင် စစ်ကောင်စီအနေဖြင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိသည်။


 

ယမန်နေ့မှစ၍ စစ်ကောင်စီသည် ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တော မြို့များ၌ မိမိတို့၏ စခန်းများ ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိသည်။ ထို့အတူ စစ်ကောင်စီ သည် စစ်ပွဲအရှုံးများကြောင့်သော်လည်းကောင်း၊ လူမျိုးရေး အမုန်းတရားများကိုအခြေခံ၍လည်းကောင်း၊ သွေးပျက်ကြောက်လန့်နေ၍လည်းကောင်း လက်နက်ကြီးများဖြင့် မိမိတို့၏ မြို့ရွာများကို ဦးတည်တိုက်ခိုက် လျက်ရှိသည်။


 

ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရမှု အများဆုံးမြို့ဖြစ်သကဲ့သို့ စစ်ကောင်စီသည် ယမန်နေ့မှစ၍ ရသေ့တောင်မြို့ပတ်ဝန်းကျင်နှင့် ၎င်းအနီးအနားရှိ ကျေးရွာများသို့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက် ရှိသောကြောင့် ရသေ့တောင်မြို့သည် စစ်ကောင်စီ၏ ဒုတိယပစ်မှတ်ထား မြို့တစ်မြို့ဖြစ်လာခဲ့သည်။ ထို့အတူ ယနေ့တွင် ပလက်ဝမြို့အတွင်းသို့ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။


 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ရက္ခိုင်ပြည် မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ (၂၀၀) ခန့်အကွာတွင်ရှိသော ဗောဓိကုန်းစခန်းအား နံနက် (၆) နာရီ (၂၀) မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ရန်သူသည် အဆိုပါစခန်း မကျရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အပြင်းအထန်ခုခံလျက်ရှိသည်။ လက်ရှိအချိန်တွင် မိမိတို့မှ ရန်သူ၏ ဗောဓိကုန်းစခန်းအား အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်အရှိန်ကို မြှင့်တင်ပြီး တိုက်ခိုက်လျက်ရှိသည်။


 

ရသေ့တောင်မြို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများမှာ စတင်ဖြစ်ပွားလျက်ရှိသည်။


 

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this