ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ

blog

Date : 20-Feb-2024







ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ


 ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်


 မဟာမိတ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ရက္ခိုင့်တပ်တော်တို့အပါအဝင် အခြားသော ဒေသခံ မိတ်ဖက်တော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ “စီခမ်းကြီးစခန်း” အား ဖေဖော်ဝါရီလ (၁၉) ရက်၊ ညနေ (၅) နာရီ (၄၅) မိနစ်တွင် သိမ်းပိုက် ရရှိခဲ့သည်။ အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ စီခမ်းကြီးစခန်းအား ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၅) နာရီခန့်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သုံးရက်ခန့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည်။

 



စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်ဟုသတ်မှတ်ထားသော စစ်စခန်းများထဲမှ တစ်ခုဖြစ်သည့် စီခမ်းကြီးစခန်းအား ရန်သူ၏ မရပ်မနား၊ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားကြားထဲမှ မိမိတို့ စုပေါင်းတပ်ဖွဲ့မှ ခက်ခက်ခဲခဲ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

 



ရန်သူသည် ရပ်ရွာများအတွင်းရှိ လူနေအိမ်များ၊ ဘုန်းကြီးကျောင်းများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခဲ့သော်လည်း မိမိတို့၏ ထိုးစစ်ကို ခုခံရန် အခွင့်မရခဲ့ဘဲ စခန်းလက်လွှတ်ခဲ့ရခြင်းဖြစ်သကဲ့သို့ မိမိတို့ပူးပေါင်းတပ်ဖွဲ့၏ ဗျူဟာမြောက်ထိုးစစ်ကြောင့် စခန်းစွန့်လွှတ်ခဲ့ရခြင်းလည်းဖြစ်သည်။ ဤထိုးစစ် အောင်ပွဲအတွင်း စစ်ကောင်စီထံမှ ရန်သူ့အလောင်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။ ဤတိုက်ပွဲအတွင်း အသက်ပေးဆပ်စွန်လွှတ်ခဲ့ရသော စစ်သည်တော်များနှင့် ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သော တပ်ဖွဲ့ဝင်များအားလုံးကို  လေးနက်စွာဂုဏ်ပြုအပ်ပါသည်။

 



ရက္ခိုင်ဒေသအတွင်း၌လည်း လက်နက်ချအညံ့မခံသော စခန်းများထဲမှ တစ်ခုဖြစ်သည့် မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီ၏ စခန်းအား ရက္ခိုင့်တပ်တော်မှ ယနေ့  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လ (၁၉) ရက်နေ့၊ နံနက် (၇) နာရီခန့်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၉) နာရီအကြာ ထိုးစစ်အပြီး ညနေ (၄) နာရီ (၃၀) မိနစ်တွင် ၎င်းစခန်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဤတိုက်ပွဲအတွင်း ရန်သူသည် လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့် (၃) ကြိမ်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူ့အလောင်း (၁၀) ကျော်အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော ရန်သူများကို လိုက်လံရှင်းလင်းလျက်ရှိသည်။

 



စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ အကြမ်းဖက် စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရပြီး စစ်ကောင်စီအနေဖြင့် လက်နက်ကြီး၊ လေကြောင်းမှ ရမ်းသန်းပစ်ခတ် တိုက်ခိုက်မှုများကိုသာ ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ ကျေးရွာ နှင့် မြို့အတွင်းရှိ လူနေအိမ်များမှာ လက်နက်ကြီးထိမှန်၍ မီးလောင်ခြင်း၊ ပျက်စီးခြင်း ဖြစ်ပေါ်လျက်ရှိသည်။ ထို့အတူ အိမ်မွေးတိရ စ္ဆာန်များနှင့် ကျွဲ၊ နွား တို့မှာ သေဆုံးမှုများ ရှိခဲ့သည်။

 



လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း ယခုထက်ထိ အညံ့မခံသော စစ်ကောင်စီ၏ စခန်းတိုင်းကို ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်။

 



(ပုံစာ-၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လ (၁၉) ရက်နေ့တွင် မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီစခန်းကို ရက္ခိုင့်တပ်တော် တိုက်ခိုက်သိမ်းပိုက်ရာမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆာင်ပစ္စည်းများ)

 



သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this