တိုက်ပွဲသတင်း ထုတ်ပြန်ချက်

blog

Date : 31-Jan-2024









တိုက်ပွဲသတင်း ထုတ်ပြန်ချက်

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်

 

ရက္ခိုင်ဒေသအတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အစရှိသော မြို့ကြီးများအတွင်း၌ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်တို့သည် နေ့စဉ်ရက်ဆက် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ ဘူးသီးတောင်မြို့၊ မောင်တောမြို့ နှင့် ရမ်းဗြဲမြို့ များ၌မူ အချိုနေ့ရက်များတွင် တိုက်ပွဲငယ် အချို့ဖြစ်ပွားခဲ့သည်မှလွဲ၍ လွန်ခဲ့သောရက်များ၌ တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ခြင်းမရှိခဲ့ပါ။

 

အထူးသဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်မြို့ရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်းများကို ရက္ခိုင့်တပ်တော်မှ တစ်ရင်းမကျန် အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကြောင့် တိုက်ပွဲများ ယခုကဲ့သို့ ပြင်းထန်စွာ ဖြစ်ပွားနေရခြင်း ဖြစ်သည်။ မိမိတို့အနေဖြင့် ရန်သူ၏ တပ်ရင်းတစ်ခုပြီး တစ်ခု သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။

 

မိမိတို့သိမ်းပိုက်ရန် ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများထဲမှ စကခ (၉) လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ ယနေ့  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းမှ တစ်ရက်လုံးတောက်လျှောက် အဆက်မပြတ် မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ပြီးဖြစ်သည်။

 

မင်းပြားမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ ခမရ (၃၈၀) တပ်ရင်းကိုလည်း ရန်သူ၏ ကြည်း၊ ရေ၊ လေ သုံးခုပေါင်းပြီး အပြင်းအထန်ခုခံကာကွယ်နေသည့်ကြားမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ရက္ခိုင့်တပ်တော် အာရက္ခစစ်သည်တော်များမှ ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။

 

ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များမှ ကျန်ရှိနေသေးသော တပ်ရင်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် မိမိတို့မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ အားလုံးသော စခန်းများလည်း မကြာမှီ အပြီးသတ်သိမ်းပိုက်ရယူရန် မိမိတို့အနေဖြင့် အပြည့်အဝယုံကြည်ပြီး လက်ရှိတွင်လည်း မိမိတို့ဘက်မှ အခြေအနေကောင်းလျက်ရှိသည်။

 

ရမ်းဗြဲမြို့တွင်မူ ယခုရက်သတ္တပတ်အတွင်း ရင်ဆိုင်တိုက်ပွဲဆိုသည်ထက် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် အဓိကပစ်ခတ်ဖျက်ဆီးပြီး တစ်မြို့လုံးအားပျက်စီးစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်လျက်ရှိသည်။

 

ရမ်းဗြဲမြို့သို့ ထပ်မံဖြည့်တင်းလာသော စစ်ကောင်စီ၏ စစ်အင်အား (၁၂၀) ကျော်နှင့် ယခင်ရှိနှင့်ပြီးသား လက်ကျန်တပ်ဖွဲ့ဝင်အချို့ပူးပေါင်းသော စစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော်တို့သည် မြို့တွင်းတိုက်ပွဲ ယနေ့မှစ၍ စတင်ဖြစ်ပွားခဲ့သည်။ နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့ပြီး မိမိတို့ဘက်မှ စစ်ကောင်စီ၏ အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတစ်ချို့အပြင် ယမန်နေ့၌ လေကြောင်းမှ ချပေးသော လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ရမ်းဗြဲမြို့တွင်းတိုက်ပွဲမှာ နောက်ရက်များ၌ ပိုမိုပြင်းထန်လာနိုင်သည်။

 

အာရက္ခပြည်သူများကို နှစ်ပေါင်းများစွာကြာအောင် ဒုက္ခပေးနေခဲ့သော စစ်ကောင်စီ၏ တပ်စခန်းတိုင်း နှင့် လက်နက်ချ အညံ့မခံဘဲ ပြည်သူများကို ဒုက္ခပေးနေသည့် ကျန်ရှိနေသေးသော စခန်းတိုင်းကို တစ်စခန်းမကျန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်သည်။

 

တိုက်ပွဲနောက်ဆက်တွဲများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

 

သတင်းဓါတ်ပုံ - ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော မင်းပြားမြို့အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ (၃၇၉) တပ်ရင်းထံမှ လောလောလတ်လတ် မိမိတို့ သိမ်းဆည်းရရှိထားသော လက်နက်ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့

 

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

 


Share on social

You may also like this