ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ

blog

Date : 23-Feb-2024



ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်

 

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်နှင့် ပလက်ဝဒေသများအတွင်း စစ်ဆင်ရေးကို စတင်သည့်  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှ ယနေ့အထိ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို တစ်ရက်မျှရပ်တန့်ခြင်းမရှိ ဆိုရ လောက်သည်အထိ ရန်သူအား မဟာဗျူဟာမြောက်စွာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

 

ရန်သူ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်များကြားမှ ရန်သူ၏ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ ဗျူဟာ၊ စကခဌာနချုပ်၊ တပ်ရင်းစခန်း၊ တပ်မဌာနချုပ်၊ ရဲတပ်ရင်းပေါင်း မြောက်မြားစွာတို့ကို မိမိတို့ စစ်ဆင်ရေးကာလ သုံးလကျော်အတွင်း သိမ်းပိုက်ရယူထားပြီးဖြစ်သည်။

 

ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီး တစ်ခု ဆက်လက်ချေမှုန်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ လက်နက်ချ အညံ့မခံသေးသော ကျန်ရှိနေသေးသည့် စခန်းများကိုလည်း ဆက်လက် သိမ်းပိုက်ရယူရေးကိစ္စရပ်များကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

(၁) ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း ကို ရက္ခိုင့်တပ်တော်မှ ငါးရက်မြောက်ထိုးစစ်နေ့အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

 

 (၂) ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ လက်နက်ချအညံ့မခံသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်တိုက်ပွဲများ ဆက်လက်ဆင်နွှဲရင်း ရန်သူ့စခန်းတချို့အား အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်တိုက် ဆင်နွှဲလျက်ရှိသည်။

(၃) ပုဏ္ဏားကျွန်း၊ မြို့မရဲစခန်းအား ယနေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။

(၄) စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့များ၌ရှိသော စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များ နည်းတူ ပြုလုပ်နေခဲ့သည်။

 

(၅) စစ်ကောင်စီသည် ယခင်ရက်များနည်းတူ ရမ်းဗြဲမြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယနေ့ ညနေ (၅) နာရီပတ်ဝန်းကျင်တွင်လည်း ပြုလုပ်ခဲ့သည်။ ရန်သူသည် ဂျက်တိုက်လေယာဉ်၊ Y12 လေယာဉ်များ ကို အသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

မိမိတို့အနေဖြင့် မိမိတို့သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို ဆက်လက် အကောင် အထည်ဖော်ရင်း စစ်ဆင်ရေးကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ရန်သူ၏ စစ်ရေးတုံ့ပြန်မှု နှင့် ခုခံစစ်အပေါ်မူတည်၍ မြှင့်တင်ဆောင် ရွက်သွားမည်ဖြစ်သည်။

 

နောက်ဆက်တွဲတိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။

 

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Share on social

You may also like this