ရက္ခိုင်ပြည် တိုက်ပွဲသတင်းများ

blog

Date : 25-Mar-2024



ရက္ခိုင်ပြည် တိုက်ပွဲသတင်းများ

 

၂၀၂၄ ခုနှစ်၊ မတ်လ (၂၄) ရက်

 

ရက္ခိုင်ပြည်၊ မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား ရက္ခိုင့်တပ်တော်မှ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး တိုက်ခိုက်နေခဲ့သည်မှာ တစ်လနီးပါးခန့်ရှိခဲ့ပြီး အဆိုပါကြိမ်ချောင်းစခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အား ယခုရက်များမှစတင်ပြီး အရှိန်အဟုန်မြှင့် လျက်ရှိသည်။ ထိုးစစ်အား အရှိန်မြှင့်ခဲ့သည့် နှစ်ရက်တာကာလအတွင်း ကြိမ်ချောင်းစခန်းအား အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားပြီးဖြစ်သည်။

 

ကြိမ်ချောင်း စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကာလအတွင်း ကြိမ်ချောင်းအနောက်ဘက်ရှိ ရန်အောင်မြင် စခန်းအား ၂၀၂၄ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်သည်။ ရန်သူ့အလောင်း၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ မောင်တောမြို့၊ တမန်းသား စခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ဤစခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းလျက်ရှိသည်။ ထွက်ပြေးနေသော ရန်သူများအား ချေမှုန်းနိုင်ခဲ့ပြီး ရန်သူ့အလောင်း (၂၀) ကျော်၊  လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ဘူးသီးတောင်အခြေစိုက်၊ ခမရ (၅၅၂) တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်ရယူရေး အတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့် တိုက်ခိုက်လျက်ရှိသည်။

 

အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံအနှံ့အပြားရှိ ၎င်းတို့၏ တပ်စခန်းများအား တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသောကြောင့် အပြစ်မဲ့ ပြည်သူလူထုအပါအဝင် အရပ်ဘက်ပစ်မှတ်၊ စစ်ပွဲနှင့်မသက်ဆိုင်သော ပစ်မှတ်များကိုသာ ဦးတည်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်လျက်ရှိသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် မိမိတို့ပြည်သူလူထုများကို နေ့စဉ်သတ်ဖြတ်နေသော စစ်ကောင်စီအား ထိုက်သင့်သော တုံ့ပြန်တိုက်ခိုက်မှုများဖြင့် လက်စားချေတုံ့ပြန်သွားမည်ဖြစ်သည်။

 

နောက်ဆက်တွဲတိုက်ပွဲသတင်းအဖြစ် ဂုပ္ပီစခန်းမှ ထွက်ပြေးလာကြသော ရန်သူများအား ရက္ခိုင့်တပ်တော်၏ ပိတ်ဆို့ဖြတ်တောက်ရေး တပ်ဖွဲ့ဝင်များမှ  ၂၀၂၄ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့မှစတင်ပြီး လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသည်။ ဘူးသီးတောင်မြို့နယ်၊ အနောက်ပြင် ( ရွာပျက်) ၏ မီတာ (၃၀၀) ခန့်အကွာတွင် အဆိုပါထွက်ပြေးလာသော ရန်သူများထဲမှ ရန်သူ (၁၂) ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ရန်သူ့ဘက်မှ နောက်ထပ် (၁၀) ကျော် ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့လက်နက်ခဲယမ်းအချို့အား သိမ်းဆည်း ရမိခဲ့သည်။ ထွက်ပြေးနေသော ရန်သူများအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်။

 

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်



Share on social

You may also like this